×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 22 February 2019

လူငယ်တို့ လမ်းမမှားစေဖို့

လောကကြီးက မာယာများပြီး လှည့်စားမှုတွေနဲ့ ပြည့်နေတာ သိကြတယ်မလား။ တစ်ခါတစ်လေ သတ္တိရှိတာနဲ့ မိုက်တာကို ထင်ယောင်ထင်မှားဖြစ်အောင်၊ ရွတာနဲ့ ဖော်ရွေတာ ခေတ်မီတာတွေကို ဇဝေဇဝါဖြစ်အောင်၊

လွတ်လပ်တာနဲ့ ပျက်စီးတာကို မခွဲခြားတတ်အောင်၊ အဆိုးဆုံးက အမှားကို အမှန်သယောင်ယောင်နဲ့ ထင်အောင် လုပ်တတ်ပါတယ်။ ပြောရရင် လူငယ်လေးတွေရဲ့စိတ်ကို လှည့်ကွက်အမျိုးမျိုးနဲ့ လမ်းမှားဆီကို တရွေ့ရွေ့ ခေါ်နေတဲ့သဘောပေါ့။

လူငယ်တို့ လမ်းမမှားစေဖို့

လူငယ်လေးတွေက သိပ်ကို ဖြူစင်ကြပါတယ်။ တစ်ခါတစ်လေ ဒါတွေကို တွန်းလှန်နိုင်ဖို့ အားမရှိတော့တဲ့အခါ၊ ခြေကုန်လက်ပန်းကျသွားရတဲ့အခါ လမ်းမှားတစ်ခုရဲ့ သားကောင် ဖြစ်မှန်းမသိ ဖြစ်သွားကြရတာပါပဲ။ ဒီလိုနဲ့ ကျရှုံးခဲ့ရသူတွေလည်း အများကြီးရှိသလို ဒါကို ကြိုးကြိုးစားစားနဲ့ အားတင်းပြီး တိုက်ပွဲဝင်နေသူတွေလည်း အများကြီးပါပဲ။ တကယ်တော့ ဘဝကို တိုက်ပွဲတစ်ခုရယ်လို့ တင်စားကြတာက တကယ်ကိုမှန်ပါတယ်။

ဘဝရဲ့ အနိမ့်အမြင့် အကွေ့အကောက်တွေကြားမှာ ခယောင်းလမ်းတစ်လှည့် ပန်းခင်းလမ်းတစ်လှည့်နဲ့ အံကြိတ်ဖြတ်လျှောက်နေရသူတွေချည်းပါ။ အထူးသဖြင့် လူငယ်တွေပေါ့ ငယ်ရွယ်တဲ့အချိန်၊ အတက်ကြွဆုံးအရွယ်၊ အလှပဆုံးအရွယ်၊ စိတ်ဓာတ်ခွန်အားတွေ အမြင့်ဆုံးထိ ရောက်နေတဲ့အရွယ်၊ သင်ယူလေ့လာလို့ သိပ်ကောင်းတဲ့အရွယ်၊ ထိခိုက်မိဖို့လည်း သိပ်လွယ်တဲ့အရွယ်၊ နှလုံးသားတွေ နုနယ်သေးတဲ့အရွယ်၊ လမ်းမှားရောက်သွားဖို့ဆိုတာ လက်တစ်ဖက်ကမ်းလေးမှာ ရှိနေတဲ့အရွယ်လေ။ ဒုက္ခတွေ၊ ဆင်းရဲပင်ပန်းမှုတွေကြား လုံးပန်းနေကြရသူလေးတွေပေါ့။

ဒါတွေကြောင့်ပဲ လူငယ်တွေက တိုင်းပြည်ရဲ့ အနာဂတ်လို့ ပြောကြတာပါ။ ဘာလို့လဲဆိုတော့ လူငယ်ဖြစ်နေတဲ့ အရွယ်မှာ ကိုယ့်ရဲ့ စွမ်းအားက အကြီးဆုံးမို့လို့ပါပဲ။ ဒါဆိုရင် ဒီလိုအရေးပါ အရာရောက်လှတဲ့ တိုင်းပြည်အနာဂတ်လူငယ်လေးတွေ လမ်းမမှားမိကြစေဖို့ အရမ်းကို အရေးကြီးပါတယ်။ အခုပြောပြမယ့် အချက်လေးတွေကို တတ်နိုင်သလောက် ခေါင်းထဲထည့်ထားစေချင်ပါတယ်။ ဒါတွေက ထွေထွေထူးထူးရယ်တော့ မဟုတ်ပေမယ့် အားလုံးလည်း သိနေကြတဲ့အရာဆိုပေမယ့် တကယ့်အခြေခံ အချက်လေးတွေမို့ ထပ်ပြီးသတိပေးချင်တဲ့သဘောပါ။ စာတော့နည်းနည်း ရှည်မယ်နော် ဒါပေမယ့် စိတ်ကို ဆွဲဆန့်ပြီး ဖတ်ပေးကြပါလို့။

၁. ခိုင်မာတဲ့ ရည်မှန်းချက်တစ်ခု ရှိပါစေ

လူငယ်တော်တော်များများ ကိုယ့်အိမ်မက်က ဘာမှန်းမသိသေးဘဲ လမ်းပျောက်နေကြတာကို နားလည်ပါတယ်။ ဒါအချိန်မတန်သေးလို့ မတွေ့တာလည်း ဖြစ်နိုင်တာမို့ အိမ်မက်ကို မသိသေးလို့ဆိုပြီး စိတ်ဓာတ်ကျမနေပါနဲ့နော်။ အဓိက က အိမ်မက်ကို လက်မလျှော့စတမ်း ရှာဖွေပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားပါ။ အဲ့ဒီအစား အိမ်မက်တွေအများကြီး ထားပြီး မျောက်သစ်ကိုင်းလွတ်သလို ဖြစ်မသွားဖို့ပါ။ စိတ်ရှည်ရှည်နဲ့သာ ခိုင်မာတဲ့ ရည်မှန်းချက်တစ်ခုကို ရှာပါနော်။ သေချာတဲ့ ရည်မှန်းချက်တစ်ခု ရှိနေတဲ့သူက ဘယ်တော့မှ လမ်းမပျောက်ပါဘူး။

၂. အားလုံးကို တာဝန်မယူနိုင်ဘူး

လူငယ်လေးတွေတိုင်းမှာ မိသားစုကို စောင့်ရှောက်မယ်၊ ဆွေမျိုးတွေကို ကြည့်ရဦးမယ် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုပြီး ကိုယ့်တာဝန်ရယ်လို့ သတ်မှတ်ထားကြတာလေးတွေ ရှိပါတယ်။ ဒီလို တာဝန်ယူစိတ် ရှိတာအရမ်းကောင်းပါတယ်။ ဒါပေမယ့် တာဝန်ယူဖို့ တွေးထားတာတွေ များလွန်းတဲ့အခါ မနိုင်ဘဲ နွံနစ်မိတဲ့ အဖြစ်မျိုးကြုံရတတ်ပါတယ်။ ဒါ့ကြောင့် အားလုံးကို တာဝန်ယူဖို့ ကြိုးစားမနေပါနဲ့။ တစ်လောကလုံးမှာ ရှိတဲ့အရာတွေက ကိုယ့်ပုခုံးပေါ်မဖြစ်မနေ ထမ်းရမယ့်အရာတွေ မဟုတ်ပါဘူး။ သူ့နေရာနဲ့သူဆိုတာ ရှိပါတယ် အကုန်လုံးကို မလုပ်ပေးနိုင်လို့၊ တာဝန်မယူနိုင်လို့ စိတ်ဓာတ်ကျတာတွေလည်း ဖြစ်နေဖို့ မလိုသလို အပြစ်ရှိသလို ခံစားနေဖို့လည်း မလိုပါဘူး။ ကိုယ်တစ်ယောက်တည်း တာဝန်ရှိတာမှ မဟုတ်ပဲ။ ဒါ့ကြောင့် တာဝန်ယူချင်တဲ့ လောဘလေး နည်းနည်းလျှော့ပါနော်။ တတ်နိုင်သလောက်ပဲ လုပ်ပါ။

၃. ဘယ်သူမှမပြည့်စုံပါဘူး

ဒီအချက်လေးကို တစ်ခါတစ်လေ မေ့နေတတ်ကြပါတယ်နော်။ လူတိုင်းပြည့်စုံတဲ့သူ ဖြစ်ချင်တာချည်းပါပဲ စာတော်ချင်တယ်၊ လှချင်တယ်၊ ထက်မြက်ချင်တယ်၊ အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ် ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေကြတာပါ။ ပြည့်စုံတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားတာက ဘာမှမဖြစ်ပါဘူး ဒါပေမယ့် ဘယ်သူမှမပြည့်စုံတာကို မေ့နေလို့တော့ မရပါဘူးနော်။ ဒါကိုသာ မေ့နေရင် ကိုယ့်ကိုယ်ကိုယ် လက်မခံနိုင်တာ၊ အခြေအနေကို လက်မခံနိုင်ဘူးဆိုတာတွေ ဖြစ်လာနိုင်ပါတယ်။ အားလုံးမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြတာပဲမို့လား။ ကိုယ့်အားသာချက်က သူ့အားနည်းချက် ဖြစ်နိုင်သလို၊ ကိုယ်အားနည်းတာက သူ့အားသာရာလည်း ဖြစ်နိုင်တာပဲ။ ဒါ့ကြောင့် တစ်ခုခုကို မလုပ်နိုင်တဲ့အခါ၊ မဖြစ်နိုင်တဲ့အခါ အရမ်းကြီး ခံစားမနေပါနဲ့။ အားလုံးမှာ တော်နေ၊ တတ်နေ၊ သိနေတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ဘယ်သူမှ မပြည့်စုံတာကို သတိရပါနော်။

၎. ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့ မနှိုင်းပါနဲ့

ဒါလူငယ်တော်တော်များများ လုပ်မိကြတဲ့ အမှားတစ်ခုရယ်ပါ။ ကိုယ့်အားနည်းချက်ကို၊ အမှားတွေကို တခြားသူရဲ့ အားသာရာ၊ တော်ရာနဲ့ သွားနှိုင်းမိတာမျိုးလေ။ လူလူချင်းက ဘယ်တူမလဲ ကိုယ့်အားနည်းချက်ကို သွားနှိုင်းမှတော့ ကိုယ်စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းရတာ၊ သိမ်ငယ်ရတာပဲ အဖတ်တင်မှာပေါ့။ ဒါတော့ ကိုယ့်သေတွင်း ကိုယ်တူးနေသလိုပါပဲနော်။ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့ မနှိုင်းမိပါစေနဲ့။ ကိုယ်နဲ့သူက ဘယ်တော့မှ မတူနိုင်ပါဘူး သူလည်း သူ့အောင်မြင်မှုနဲ့သူ ကိုယ်လည်း ကိုယ့်အောင်မြင်မှုနဲ့ ကိုယ်ပါပဲ။ ကိုယ့်ဖြစ်တည်မှုအတိုင်း အကောင်းဆုံးကြိုးစားပါနော်။

၅. လွှတ်ချတတ်ပါစေ

ဒါလည်း လူငယ်အများစု ပြဿနာပါပဲ အတိတ်ကို ဆုပ်ကိုင်ထားတာ၊ အမှားတွေကို သိမ်းထားတာ၊ နောင်တတွေကို ရင်ဝယ်ပိုက်ထားတာတွေပေါ့။ ဘာလုပ်မှာလဲ ဒါတွေရင်ထဲသိမ်းထားပြီး သက်ပြင်းတချချနဲ့ ကိုယ်ပဲစိတ်ပင်ပန်းရတာမို့လား။ လွှတ်ချဖို့တော့ မလွယ်ပေမယ့် အဲ့လောက်သာ လွယ်နေရင် လူငယ်လေးတွေ အမှားအများကြီး လုပ်မိကြမယ်ထင်ပါတယ် ကိုယ့်ကိုခွင့်လွှတ်မှန်း သိတဲ့အခါ ထပ်ခါထပ်ခါ ဆက်လုပ်နေသလိုမျိုးပေါ့။ မလွယ်တာလေးကမှလည်း တန်ဖိုးရှိတာမို့လား။ လွှတ်ချလိုက်ဖို့ ကြိုးစားကြည့်ပါ ရင်ထဲဘယ်လောက်ပေါ့သွားလဲ၊ ကိုယ့်ကမ္ဘာကြီးက ဘယ်လောက်လှလဲ၊ ကိုယ်မမြင်သေးတာတွေ မသိသေးတာတွေ ဘယ်လောက်များလဲ သိလာပါလိမ့်မယ်။ ဒီလွတ်လပ်မှုလေးကို ခံစားနိုင်ဖို့ နောင်တတရားတွေ၊ အမှားတွေ၊ ယူကြုံးမရဖြစ်တာတွေ၊ အတိတ်တွေကို လွှတ်ချကြည့်ပါနော်။

၆. ကိုယ့်ဘဝကို အဆိုးမမြင်နဲ့

တစ်ခါတစ်လေ သေချင်လောက်အောင် ဒုက္ခရောက်ရတဲ့အချိန်၊ စိတ်ဓာတ်ကျရတဲ့အချိန်၊ ခံစားရတဲ့အချိန် ရှိကြမှာပါ။ အဲလိုအချိန်ဆို ဒီတိုင်း “သေလိုက်ရင်ကောင်းသား၊ မွေးမလာခဲ့ရင်ကောင်းသား” ဆိုတာမျိုး တွေးမိတတ်တယ်လေ။ ဒါပေမယ့် ဒီလိုခံစားနေရတာ၊ သေချင်စော်နံနေတာ ဒီလောကကြီးမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုယ့်ထက် အဆပေါင်းအများကြီး ဆိုးရွားနေတဲ့သူတွေလည်း ရှိသေးတယ် “ဟာ ဘယ်တူမလဲ သူတို့က သူတို့ဘဝနဲ့ သူတို့ပဲ၊ သူတို့အခက်အခဲနဲ့ သူတို့လေ၊ ကိုယ်က သက်သက်လေ” ဟုတ်တာပေါ့ အခြေအနေချင်း ဘယ်တူမလဲ။ ဒါဆို မတူမှန်းသိသိကြီးကို တခြားသူဘဝနဲ့ နှိုင်းယှဉ်ပြီး ဘာလို့များ ကိုယ့်ဘဝကို အဆိုးမြင်နေမှာလဲ။ အဆိုးမြင်တယ်ဆိုတာ လမ်းမှားတစ်ခုရဲ့ အစလေးပါ ဒါ့ကြောင့် သတိထားဖို့ လိုပါတယ်။ ဘာပဲကြုံလာ ကြုံလာ အကောင်းနဲ့ အဆိုးဆိုတာကို တစ်လှည့်စီ ကြုံနေရမှာမို့လို့ လက်ခံတတ်ဖို့ ကြိုးစားပါနော်။ ကိုယ့်ဘဝကို ကိုယ်ကမှ အကောင်းမမြင်ရင် ဘယ်သူမှ အကောင်းမြင်နိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အဆိုးမမြင်ပါနဲ့။

Source: livethedream

Read times Last modified on Thursday, 30 January 2020 15:35
Rate this articles
(0 votes)