×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 24 December 2018

အင်္ဂလိပ်စာဆရာတစ်ယောက်ဖြစ်ဖို့ နောက်မကျသေးပါ

ဗြိတိသျှကောင်စီရဲ့ TeachEnglish blog ဆုရှင် Helen Dennis-Smith က အချိန်နောက်ကျပြီးမှ အင်္ဂလိပ်စာဆရာအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်ချင်သူများအတွက် စိန်ခေါ်ချက်တစ်ချို့နှင့်

အခြားသိမှတ်ဖွယ်ရာတွေကိုတင်ပြသွားပါတယ်။

ကျွန်မ မိတ်ဆွေတွေက ကျွန်မ ဆရာအဖြစ်သင်တန်း TEFL (Teaching of English As a Foreign Language) တက်မယ်လို့ ပြောတုန်းကတစ်ချို့က “ဒါက လူငယ် လူလတ်ပိုင်းတွေ လုပ်ရတဲ့ဟာ မဟုတ်ဘူးလား” လို့ပြောကြ မေးကြပါတယ်။ တစ်ကယ်တော့ ကျွန်မ လူငယ်ဘဝတုန်းကလည်း အင်္ဂလိပ်စာသင်ဖူးပါတယ်။

အရည်အချင်းစစ်လက်မှတ်တော့ မရှိဘူးပေါ့ရှင်။ ဒါပေမဲ့ အဲ့ဒီတုန်းကတော့ အသက်မွေးဝမ်းကြောင်းအနေနဲ့ လုပ်မယ်ဆိုတဲ့ စိတ်ကူးတော့ မရှိခဲ့ပါဘူး။

ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မကလေးတွေ အရွယ်ရောက်ကုန်တော့ ကျွန်မအကူနည်းပြဆရာအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ ကျောင်းတစ်ကျောင်းမှာတော့ လန်ဒန်ကိုရောက်ခါစက အင်္ဂလိပ်စာလုံးဝမတတ်တဲ့ ကလေးတစ်အုပ်စုကို ကျွန်မ စာသင်ခဲ့ရတယ်။

အဲ့ဒီမှာ ဘာသာစကားအသစ်ကို စိတ်ဝင်တစ်စား သင်ယူပြီး နယ်ခံကလေးတွေနဲ့ အထိုင်ကျအောင်လုပ်ပေးနိုင်ခဲ့တဲ့ အတွေ့အကြုံက ကျွန်မကို အများကြီးလှုံ့ဆော်မှုတွေ ပေးခဲ့ပါတယ်။ အဲ့ဒီကစပြီး ကျွန်မ TEFL ကိုတက်ချင်စိတ် စဖြစ်တော့တာပါဘဲ။

အဲ့ဒါကြောင့်ဘဲ အသက် ၅၅ နှစ်အရွယ်မှာ ကျွန်မက CELTA လို့ခေါ်တဲ့ Certificate in English Language Teaching to Adults ကိုစိတ်ပူပန်မှုအချို့ကြားထဲကနေဘဲပြီးအောင်လုပ်နိုင်ခဲ့ပြ်ီး နောက် ၂ နှစ်အကြာမှာတော့ DELTA လို့ခေါ်တဲ့ Diploma in English Language Teaching to Adults ဆက်တက်ခဲ့ကာ အခုလက်ရှိ လန်ဒန်မှာဆရာအဖြစ် အသက်မွေးနေခဲ့ပါတယ်။

သက်ကြီးတန်း ဆရာတွေ ကျော်လွှားရမယ့် စိန်ခေါ်မှုများကတော့ ကျွန်မ ပထမဆုံးသင်ခဲ့တဲ့ ကျောင်းမှာဆိုရင် သက်ကြီးတန်း ဆရာအနည်းငယ်ထဲမှာ ကျွန်မလည်း တစ်ယောက် အပါအဝင် ဖြစ်ခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျောင်းကပေးတဲ့ လစာက နည်းနည်းလေးရယ်ပြီးတော့လည်း အဲ့ဒီလောက်နည်းတဲ့ လစာနဲ့ အလုပ်ချိန်အရှည်ကြီးတွေကို သည်းခံပြီး လုပ်နိုင်တဲ့ဆရာဆိုလို့ အတော်ကိုနည်းတာ ဖြစ်ပါတယ်။

ကျွန်မ ကတော့ ဒီလုပ်ငန်းမှာ စတင် ခြေချဖို့ဆိုတဲ့ ရည်ရွယ်ချက်သက်သက်ရယ် နောက်ပြီး DELTA တက်ဖို့ လိုအပ်တဲ့ စာသင်သက် ၂ နှစ်ဆိုတာကို ရရှိချင်လို့ရယ်ကြောင့် ဒီအလုပ်ကို မြဲအောင်လုပ်ခဲ့ပါတယ်။

အဲ့ဒီမှာတွေ့ရတဲ့ စိန်ခေါ်မှုကတော့ ဝန်ထမ်းအချင်းချင်းကြားမှာ ယုံကြည်မှုတည်ဆောက်ရတာ ဖြစ်ပါတယ်။ ကျွန်မ ရဲ့ စိတ်အားထက်သန်မှုတွေကို ငယ်ရွယ်တဲ့ဆရာတွေက နားလည်ပုံမရခဲ့ပါဘူး။ အသက်ကြီးတဲ့ ဆရာတွေကလည်း ကျွန်မကို စိတ်မမှန် တော့ဘူးလို့ ထင်ကြပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ ကျောင်းသားတွေကတော့ စိတ်ခံစားမှုရဲ့ ရင့်ကျက်မှုတွေကို စာသင်ခန်းထဲကိုယူဆောင်လာပေးတဲ့ ကျွန်မကို စိတ်ရင်းနဲ့ လေးစားတန်ဖိုးထားကြတာကိုတွေ့ရပြီးအချိန်တိုအတွင်း သူတို့ရဲ့လေးစားမှုကိုပါ ခံခဲ့ရပါတယ်။ အသက်ကြီးသူတစ်ဦးက ဆရာအသစ်အနေနဲ့ စလုပ်တဲ့အခါ အသက်အရွယ်ကြောင့် သင့်ကို ကျောင်းသားတွေက အတွေ့အကြုံလုံးဝမရှိသေးဘူး ဒါမှမဟုတ် အတွေ့အကြုံနုသူတစ်ဦးအဖြစ် သံသယမရှိကြပါဘူး။

အသက်အရွယ်က ကိုယ့်ဖက်မှာရှိတယ်ဆိုမလားဘဲ။ နောက်ထပ် စိန်ခေါ်မှုတစ်ခုကတော့ ခေတ်ပေါ်နည်းပညာတွေကို လိုက်မှီအောင် လုပ်ရတာပါဘဲ။ ကျွန်မရဲ့ ပထမဆုံးအလုပ်မှာတုန်းက နည်းပညာကလည်း သိပ်ကြီးမရှိသေးတာကြောင့် ဒါကအဲ့ဒီလောက် မဟုတ်လှသေးပါဘူး။

ဒါပေမဲ့ အခုလက်ရှိလုပ်နေတဲ့ အလုပ်မှာတော့ နည်းပညာတွေက အစုံအလင်ပါဘဲ။ စာသင်ခန်းထဲမှာ အသုံးတည့်မယ့်ဟာ၊ ကိုယ်သုံးချင်တဲ့ဟာ ကောင်းနိုးရာရာလေးတွေ ရှာဖွေရတာတင် အချိန်ကုန်လှပါတယ်။

အခုတော့ အကြံဥာဏ်အသစ်တွေကို လက်ခံသုံးစွဲဖို့ဆိုတာ ကျွန်မအတွက် မခက်ခဲတော့ဘဲ ကိုယ့်ပတ်ဝန်းကျင်မှာရှိထားတဲ့ ဟာတွေထဲကနေ ဘယ်လို ဘယ်အချိန် ထုတ်သုံးရမလဲဆိုတာဟာ ထမင်းစားရေသောက် သလိုကို ဖြစ်နေပါပြီ။

အင်္ဂလိပ်စာသင်ခန်းစာထဲကို သက်ကြီးတန်းဆရာတွေက ဘာတွေ ယူဆောင်လာနိုင်ပါသလဲ။ သင့်တစ်ဘ၀လုံးမှာ စုဆောင်းလာခဲ့တဲ့ အတွေ့အကြုံတွေ အားလုံးကို စာသင်ခန်းထဲကို ယူဆောင်လာလို့ ရပါတယ်။

သင့် နောက်ခံအတွေ့အကြုံတွေက ဘာတွေဖြစ်ပါစေ 'သိခြင်း' မှနေပြီး 'သင်ကြားခြင်း' သို့ ရောက်အောင် သင်က ဘယ်လိုပုံစံနဲ့ အသုံးချရမလဲဆိုတာကို သေသေချာချာ စဉ်းစားရပါမယ်။

ကိုယ်သင်မယ့် သင်ခန်းစာတွေထဲကိုလည်း အတွေ့အကြုံတွေ အများကြီး ယူဆောင်လာလို့ ရပါသေးတယ်။ ဥပမာ - လူငယ်ဆရာတွေဆီမှာမရှိနိုင်တဲ့ မိဘတစ်ဦီးအနေနဲ့ သင့်ရဲ့ ဘဝအတွေ့အကြုံ၊ သင်ရောက်ဖူးတဲ့ အရပ်ဒေသတွေအကြောင်း၊ တွေ့ဖူးဆက်ဆံဖူးတဲ့ လူတွေအကြောင်းတွေပေါ့။

ကျွန်မ အနေနဲ့ကတော့ အရင်တုန်းက ကျွန်မ လုပ်ခဲ့ဖူးတဲ့ စီးပွားရေးလုပ်ငန်းခွင်က အတွေ့အကြုံတွေအရ ကျောင်းသားတွေ အခြားနိုင်ငံက လူတွေနဲ့ ဆက်ဆံလုပ်ကိုင်ရတဲ့အခါ တွေ့နိုင်တဲ့ ပြဿနာအခက်အခဲတွေကို ကောင်းစွာ  ကြိုမြင်ပြီး နားလည်သဘောပေါက်နိုင်တာဘဲ ဖြစ်ပါတယ်။ ဒါမျိုးတွေက Business English လိုစီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာသင်တဲ့အခါ အလွန်အသုံးတည့်တာပေါ့။

 

Source: Myanmar Network

Read times Last modified on Wednesday, 29 January 2020 10:29
Rate this articles
(1 Vote)