ဘာဖြစ်မယ်မှန်း မသိ ရတာကိုက အရသာတစ်ခု ဖြစ်ပါတယ်။ အဲဒီအရသာကို ကျွန်တော်တို့ ကြိုက်ကြတယ်။ ဒါကြောင့် ဇာတ်လမ်းမသိရသေးတဲ့ ဇာတ်ကားကို ကြည့်ချင်ကြတယ်။ ဇာတ်လမ်း သိပြီးသားကြီးဆိုရင် ကြည့်ရတာ ပေါ့ရွှတ်ရွှတ်ကြီး ဖြစ်နေမယ်။
ဘဝဇာတ်ကားမှာလည်း ဇာတ်လမ်းကို မသိထားမှ ကြည့်ရ တာ စိတ်ဝင်တစား ဖြစ်မိပါတယ်။ နို့မို့ဆို ငြီးငွေ့တယ်။ အဲဒီလို မသေချာတာတွေ၊ စိတ်မချရတာတွေ ရှိနေမှလည်း လူက နိုးနိုးကြားကြား ဖြစ်နေမယ်။
တရုတ်ပညာရှိ လောင်ဇူက ပြောဖူးတယ်။ "ငါက တွန့်ဆုတ်တယ်။ ဘဝမှာ နိုးနိုးကြားကြားဖြင့် သွားတယ်။ ဘာလို့လဲဆိုတော့ ဘာဖြစ်မယ်ဆိုတာကို ငါမသိရဘူး။ လိုက်နာစရာအဖြစ် လက်ဆုပ် လက်ကိုင် ပြုထားတာလည်း ဘာတစ်ခုမှ ငါ့မှာမရှိဘူး။ ဒီတော့ ကြုံ ရာကျပန်း ငါလုပ်တယ်။ အခိုက် အတန့်တိုင်းကို ကြုံခိုက်မှာ ငါဆုံး ဖြတ်တယ်။ တင်ကူးဆုံးဖြတ်တာ ငါ့မှာ မရှိဘူး။အဲဒီ အခိုက်အတန့် ရောက်လာပြီ ဆိုတော့မှ ငါ ဆုံးဖြတ် လိုက်တယ်"
ဒီတော့ သူ့ စိတ်က အစဉ် လွတ်လပ်နေတယ်။ ဒါပေမဲ့ စိတ်ချ လက်ချ ရှိမနေဘူး။ မသေချာ မရေ ရာတာတွေ ဖြစ်နေတယ်။ အရေး ကြီးတာက မဆိုင်းမတွ အလိုက်သင့် တုံ့ပြန်တတ်ဖို့ ဖြစ်ပါတယ်။ တာဝန် ဆိုတာကိုယူကြရတယ်။ တာဝန် ဆိုတာက ဝတ္တရား မဟုတ်ဘူး။ ထမ်း ဆောင်ပါမယ်လို့ ကတိ ကဝတ်ပြု ထားတာ မှန်ပေမဲ့ ခေါင်းပေါ်ရွက် ထားရမယ့်အရာမျိုး မဟုတ်ဘူး။ မဆိုင်းမတွ အလိုက်သင့် တုံ့ပြန်ဖြေ ရှင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်။
ဘဝပေးတာဝန်တွေကို လည်း အခုလိုပဲ ဖြေရှင်းဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ စက်ယန္တရား တစ်ခုလို ပုံသေကားကျ ထမ်းဆောင် ဖို့ မဟုတ်ပါဘူး။ ဘဝမှာ ဘယ်လိုနေရမယ် ဆိုတာကိုလည်း ပုံသေကားကျ ပြောလို့ မရဘူး။ ဘဝ ကို ခရီးတစ်ခုအဖြစ် တင်စားပြီး ပြောရင် ခရီးနှင်ရတာက ရထား တစ်စီးလို ပြေးလမ်းသတ်သတ် မှတ်မှတ် မရှိဘူး။ ကားလမ်းလိုလည်း ခင်းထားတာ မရှိပါဘူး။ ဖောက် ထားတာ မရှိပါဘူး။ တကယ်လို့ ခင်ဗျားက သူများခင်းပေးထားတဲ့ ရထား လမ်းအတိုင်းသွား နေရင် ခင်ဗျားရဲ့ဘဝကို ခင်ဗျားတွေ့ရတော့ မှာ မဟုတ်ဘူး။ ရထားလမ်း ခေါ် ဆောင်ရာနောက်ကိုပဲ ခင်ဗျား လိုက် နေရမယ်။ ခင်ဗျားက ကားတစ် စီးအဖြစ်သူ များ ဖောက်ပေးထား တဲ့ လမ်းအတိုင်း မောင်းနေရင် လည်း ကားလမ်း ခေါ်ဆောင်ရာနောက် ကို ပဲ ခင်ဗျားရောက်သွားမယ်။ ဘဝကို သိခွင့်ရမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် သိခွင့်ရမှာ မဟုတ်ဘူး။
ဒီတော့ ဆရာ မတင်ပါနဲ့။ တပည့် မခံပါနဲ့။ ကိုယ့်လမ်းကို ကိုယ် လျှောက်လိုက်စမ်းပါ။ ကိုယ့်လမ်းကို ကိုယ်ဖောက် လိုက်စမ်းပါ။ သူများဆီကနေ တဆင့်သိ ရဖို့ကို ချည်း မလုပ်ပါနဲ့။ ကိုယ့်ဘာ သာကိုယ် တိုက်ရိုက်ရှုမြ င် လိုက်စမ်းပါ။
ဒီလို ကိုယ့်မှာ ဖြစ်နေတဲ့ဘဝကို သိဖို့ လုပ်ရာမှာ အမှား အယွင်း တွေ ရှိမှာပဲ။ မှားပြီးသား အမှားကို ချည်းထပ်မှားနေမိတဲ့ အထိတော့ မညံ့မိစေနဲ့။ မှားစရာတွေက တစ်ပုံ ကြီး။ ဘာလို့ တစ်မျိုးတည်း ကို ထပ်ခါထပ်ခါ မှားနေမလဲ။ တခြား ဟာတွေ မှားလိုက်ပါ။ တစ်နေ့ တစ်မျိုး အမှားအသစ်ကို မှားတာ တောင် မှားစရာက မကုန်နိုင်ပါဘူး။ အဲဒီလို အမှားတွေ အမျိုးစုံလင် နေတာနဲ့ ကိုယ့်ဘဝကို မမြင်နိုင် တာ ဘာမှမပတ်သက်ပါဘူး။ မှား နေရင်းကလည်း မြင်နိုင်ပါတယ်။ မှန်နေရင်းကလည်း မြင်နိုင်ပါတယ်။
တကယ်တော့ မှားတာက မမှန်လို့။ မှန်တာက မမှားလို့။ နှိုင်းယှဉ်ချက်အရ ကွဲပြားနေတဲ့ အရာနှစ်ခု ဖြစ်ပါတယ်။ ဒီတော့ မှန် နေနေ မှားနေနေ ဘဝကို မြင်နိုင် ပါတယ်။
ကိုယ့်မှာ ဖြစ်နေတဲ့ဘဝကို ကြည့်ရှုဖို့က အဓိကပါ။ တဆင့်ခံ တွေကနေ မကြည့်ဘဲ တိုက်ရိုက်သာ ကြည့်လိုက်ပါ။
တစ်ခါတုန်းကတိုင်းသိ ပြည်သိ ကဗျာကဝိတစ်ဦးက ညဦး ပိုင်းမှာ အိမ်ရှေ့ ဆင်ဝင်ပေါ်မှာ ရှိနေတဲ့ ဝရံတာမှာ ထွက်ထိုင်တယ်။ အိမ်ရှေ့ ပန်းဥယျာဉ်ထဲမှာ အလှ ဆင်ထားတဲ့ ရေကန်အတုထဲမှာ ပေါ်နေတဲ့ လရိပ်ကို ငေးကြည့်ရင်း ကြည်နူးနေတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ မိတ်ဆွေ မူးသာဆိုတဲ့ သူက အိမ်ရှေ့က ဖြတ် လျှောက်တယ်။
ဝရံတာကနေ အောက်ကို ငုံ့ကြည့်နေတဲ့ ကဗျာကဝိကို လရောင် အောက်မှာ လှမ်းတွေ့တော့ လမ်းမ ပေါ်ကနေလှမ်း နှုတ်ဆက် လိုက်တယ်။ ပြီးတဲ့အခါမှာ သူက "ဘာတွေငေး နေတာလဲ"လို့ မေးလိုက်တော့ ကဗျာကဝိက "ရေ ပေါ်ထင်တဲ့ ငွေလရိပ်ကို ကသိုဏ်း ရှုရင်း လမင်းကဗျာတစ်ပုဒ် သီကုံး လိုက်ရင် ကောင်းမလား လို့ စဉ်းစားနေ တာပါ" ကဗျာကဝိရဲ့ စကားအဆုံး မှာ မူးသာက ရယ်မောတယ်။
"ကောင်းကင်ကလကို မော့ကြည့်ရင် လည်ပင်းကျိုးသွားမို့လား" လို့ ပြောပြီး သွားလက်စခရီးကို ဆက် ထွက်သွားပါတယ်။
လကကောင်းကင်မှာ လပြည့် ညရဲ့ လဝန်းက ကောင်းကင်မှာ။ တိုက်ရိုက်သာ မော့ကြည့်လိုက်ပါ။ တစ်ဆင့်ခံ ပုံရိပ်ကို ကသိုဏ်း မရှု ပါနဲ့။ လည်ပင်းမကျိုးပါဘူး။ မော့သာ ကြည့်လိုက်ပါ။ တိုက် ရိုက်သာ ကြည့်လိုက်ပါ။
Credit: ဒိုဂျေဆန်း
Recommended for you - “Steve Jobs ဘ၀ကို ပြောင်းလဲစေခဲ့တဲ့ စာအုပ် (၉)အုပ်”
Recommended for you - ထိုင်နေရင်းနဲ့တော့ မျှော်လင့်ချက်မထားနဲ့
အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။