×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 16 August 2019

"ပညာရှိရာသို့"

"ပညာရှိရာသို့" pexels

လူတစ်ယောက် အောင်မြင်ဖို့အတွက် သူကိုယ်တိုင်ရဲ့ အရည်အချင်း အရေးကြီးသလို၊ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုကိုလည်း မေ့ထားလို့ မရပါဘူး။

ဘီလ်ဂိတ်စ်သာ မြန်မာပြည်မှာ မွေးဖွားကြီးပြင်းခဲ့ရမယ်ဆိုရင် သူ ဒီနေ့လို အနေအထားမျိုး ဖြစ်နေဖို့ တကယ် မလွယ်ပါဘူး။

အမေရိကန်လို နိုင်ငံမျိုး၊ ဖွံ့ဖြိုးပြီး နိုင်ငံမျိုးမှာ မွေးဖွားကြီးပြင်းလာရတဲ့ လူငယ်တစ်ယောက်နဲ့ မြန်မာပြည်က လူငယ်တစ်ယောက် အမြင်ချင်း၊ ခံယူချက်ချင်း၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှုချင်း တူနိုင်ပါ့မလား။

အင်္ဂလန်မှာ လူလာဖြစ်တဲ့သူနဲ့ မြန်မာပြည်မှာ လူလာဖြစ်တဲ့သူ ဘယ်သူက ကမ္ဘာကျော် ဘောလုံးသမားဖြစ်ဖို့ ပိုလွယ်ကူမလဲ။

နောက်ဆုံးကုန်ကုန်ပြောရရင် ရန်ကုန်မှာနေတဲ့ လူငယ်တစ်ယောက်နဲ့ နယ်က လူငယ်တစ်ယောက်တောင် ပညာရေး အခွင့်အလမ်းချင်း တူမနေကြပါဘူး။


ဒါဖြင့် စဉ်းစားစရာ ဖြစ်လာတယ်၊ လူဆိုတာ မိမိကိုယ်သာ ကိုးကွယ်ရာ၏ လို့တောင် ဘုရားဟော ရှိသေးတယ်မဟုတ်လား၊ လူက အဓိကပဲလေ၊ ဒီလိုတွေ ပတ်ဝန်းကျင်ကို လိုက်လက်ညှိုးထိုးနေလို့ ဘယ်ဖြစ်မလဲ။

နောက်ပြီး ဗိုလ်ချူပ်အောင်ဆန်းဆို နတ်မောက်ကလေ၊ ဘယ်နိုင်ငံခြားမှာမှလည်း မမွေးဘူး၊ ကြီးလည်း မကြီးပြင်းဘူး၊ သူဆိုလည်း တော်လိုက်တာမှ ပြောမနေနဲ့၊ နောက် ဖျာပုံက ဆရာဇော်ဂျီတို့၊ ပန်းတနော်က ဦးသန့်တို့ဆိုရင်ရော။

ပညာရေး အက်ပ်ဖြင့် ဘီလျံနာ ဖြစ်သွားတဲ့ ကျောင်းဆရာဟောင်း


ဟုတ်ပါတယ်၊ ဒါတွေ ပြောနေတာ ဘုရားဟောကို ဆန့်ကျင်တာ မဟုတ်ပါဘူး၊ အောင်မြင်ဖို့အတွက် နေရာတကာ အထောက်အပံ့ရှာ၊ အမှီရှာခိုင်းနေတာလည်း မဟုတ်သလို၊ စိတ်ဓါတ်ကျဖို့လည်း မဟုတ်ဘူး၊

တောမှာ မွေးတိုင်း မအောင်မြင်နိုင်တော့ဘူးလို့ ပြောနေတာလည်း မဟုတ်ဘူး။ ဗိုလ်ချူပ်အောင်ဆန်းတို့လို တောမြို့လေးတွေကနေ ကမ္ဘာကျော်သွားတဲ့သူတွေ ကမ္ဘာမှာရောုမန်မာမှာပါ အများကြီးပါပဲ။

ဒါပေမဲ့ တစ်ခု မမေ့ဖို့လိုတာက အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့ အောင်မြင်မှုနောက်ကွယ်မှာ လျို့ဝှက်ချက်တစ်ခုရှိတယ်။ အဲဒါကတော့ “ပညာ” ပါပဲ။


နတ်မောက်သား ဗိုလ်ချူပ်အောင်ဆန်း၊ ပန်းတနော်သား ဦးသန့်၊ ဖျာပုံသား ဆရာဇော်ဂျီ၊ သူတို့တွေဟာ ခုနကလို တောမြို့တွေမှာ မွေးဖွားကြီးပြင်းလာရတာ ဆိုပေမဲ့ သူတို့ဘေးမှာ စာအုပ်တွေ ရှိတယ်၊

ပညာကို လိုလားတဲ့ အသိုင်းအ၀ိုင်း ရှိတယ်။ ဒါကြောင့် လူတစ်ယောက် အောင်မြင်ဖို့ ဘာမှမရှိဘူးဆိုတောင် အနည်းဆုံး စာအုပ်တွေတော့ ရှိဖို့လိုတယ်၊ စာဖတ်ခြင်းကို အားပေးတဲ့၊ အားလည်း အားပေးနိုင်တဲ့ အသိုင်းအ၀ိုင်း ရှိဖို့လိုတယ်။

အဲဒါဆိုရင် ခေတ်မီနည်းပညာတွေ မရှိတောင်မှ အဲဒီစာအုပ်တွေကတစ်ဆင့် သူ့ဟာသူ အရောက်သွားလိမ့်မယ်၊ ငွေကြေးကြွယ်ဝမှုတွေဆီကိုလည်း အဲဒီပညာကတစ်ဆင့်ပဲ အရောက်သွားလို့ ရနိုင်တယ်။

အဲဒီတော့ တိုင်းပြည်တိုးတက်ဖို့ အနည်းဆုံး စာအုပ်တွေတော့ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ရှိရလိမ့်မယ်။

"သင့် ဘဝမှာ မသေခင် ပြုလုပ်သွားသင့်သောအကြောင်းအရာများ"


ခုခေတ်ကို Globalization Age လို့ ခေါ်ကြတယ်။ ဆိုလိုတာက ကမ္ဘာကြီးက ရွာကြီးသဖွယ် ဖြစ်လာပြီ၊ အရင်လို ကိုယ့်အချင်းချင်းပဲ ပြိုင်နေလို့ မရတော့ဘူး၊ တစ်ကမ္ဘာလုံးနဲ့ ပြိုင်ရတော့မယ်။

မြန်မာပဲဖြစ်ဖြစ်၊ ကိုရီးယားပဲဖြစ်ဖြစ်၊ အမေရိကန်ပဲဖြစ်ဖြစ် အားလုံးဟာ အတူတူပဲ၊ အားလုံးဟာ ပြင်ညီကွင်းပေါ်မှာပဲ စံနှုန်းတစ်ခုတည်းနဲ့ ပြိုင်ကြဆိုင်ကြရမှာပဲ၊ ဘယ်သူ့ ဘယ်သူကိုမှ အကျောပေးတယ် ဆိုတာမရှိဘူး။

ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ရေခံမြေခံကောင်းမှာ ပေါက်ဖွားရှင်သန်ခဲ့ရသူတွေ မဟုတ်တော့ ပြိုင်ပွဲမ၀င်ခင်ကတည်းက သူများနောက် ရောက်နှင့်နေပြီဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားရမယ်။

အဲဒီတော့ ကျွန်တော်တို့တွေ ဘာလုပ်ကြရမလဲ။


ဆရာမ ဂျူး ကတော့ သူ့ရဲ့ "စောင့်နေမယ်လို့ မပြောလိုက်ဘူး" ၀တ္ထုမှာ ရေးဖူးတယ်..
“လူငယ်တွေမှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်၊ Rich environment လို့ ခေါ်တာပေါ့၊ ဘ၀အောင်မြင်မှုအတွက် အရေးကြီးတဲ့ အရာတွေပေါ့၊

စာအုပ်တွေ လိုမယ်၊ ခေတ်ကို အမီလိုက်ဖို့ သင့်တင့်တဲ့ နည်းပညာတွေ လိုမယ်၊ ပညာကို ကိုယ့်ကို လက်ဆင့်ကမ်းနိုင်မယ့် လူတွေလိုမယ်။

အဲဒီပတ်ဝန်းကျင်ဆိုတာက တချို့အတွက် အလိုအလျောက် ရှိနေပြီး တချို့အတွက်တော့ ကိုယ်တိုင်အားထုတ်ဖန်တီးမှ ရတယ်။

ပညာက ကိုယ့်အနားကို မလာရင် ကိုယ်က ပညာဆီ သွားရမှာပဲ။”
ဟုတ်တယ်၊ လုပ်ရမှာကတော့ ပညာက ကိုယ့်ဆီ မလာရင် ကိုယ်က ပညာဆီ မရောက်ရောက်အောင် သွားကြရမှာပဲ၊ ဒါပဲ၊ ဒီ့အပြင် တခြားနည်းလမ်း မရှိဘူး။


ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ဘီလ်ဂိတ်ကလည်း စကားတစ်ခွန်းကို ပြောဖူးတယ်..
“မွေးဖွားလာတဲ့ အချိန်မှာ ဆင်းရဲနေတာဟာ မင်းအပြစ် မဟုတ်ဘူး၊ သေဆုံးတော့မယ့်အချိန်မှာ ဆင်းရဲနေရင်တော့ အဲဒါ မင်းအပြစ်ပဲ” တဲ့။
သိပ်ကောင်းတဲ့ စကားလေးပါ၊ သူ့စကားလေးနဲ့ ဆရာဇော်ဂျီရဲ့ "သင်သေသွားသော်" ကဗျာလေးကို ချိတ်ဆက်ကြည့်မိတယ်။


ဆင်းရဲတဲ့ တိုင်းပြည်၊ မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်မှာ လူလာဖြစ်ရတာ ကျွန်တော်တို့တွေရဲ့ အပြစ်လား၊ မဟုတ်ပါဘူး၊ ကျွန်တော်တို့အပြစ် လုံးဝမဟုတ်ဘူး။
အဲဒီအတွက်လည်း သိမ်ငယ်စရာ မရှိသလို ရှက်နေ၊ အားငယ်နေစရာလည်း မလိုဘူး။

အဓိက က ကိုယ့်အခြေအနေ ကိုယ်သိပြီး ကောင်းကောင်းလက်ခံနိုင်ဖို့ပဲ။ ဒါပေမဲ့ ကျွန်တော်တို့တွေ သေဆုံးသွားတဲ့အခါ ခုလိုပဲ ဆင်းရဲတဲ့ တိုင်းပြည်၊

ပညာတတ်ရှားပါးတဲ့ တိုင်းပြည်မျိုးကိုပဲ ဆက်လက်ချန်ထားခဲ့ကြဦးမယ်ဆိုရင်တော့ အဲဒါဟာ ကျွန်တော်တို့ရဲ့ အပြစ်ဖြစ်သွားပြီ်၊ သိပ်လည်း ရှက်စရာကောင်းသွားပြီ။

"လူတိုင်းဖတ်သင့်တဲ့Google သုံးနည်းလမ်းညွှန်"

ဘယ်သူကမှ မတင်တဲ့ အဲဒီအပြစ်၊ ဘယ်သူကမှ အရေးမယူ ထောင်မချတဲ့ အဲဒီအပြစ်ကို ကျွန်တော်တို့ လူငယ်တွေအားလုံး ရှောင်လွှဲနိုင်ဖို့အတွက် တစ်ခုတည်းသောလမ်းကတော့ ပညာပဲ ဖြစ်ပါတယ်။
ဟုတ်ပါတယ်၊ ကျွန်တော်တို့လူငယ်တွေ ပညာဆီ အရောက်သွားကြရပါမယ်။

 


ဒေါက်တာ ဖြိုးသီဟ

sayar.com.mm

Read times Last modified on Thursday, 09 January 2020 09:43
Rate this articles
(1 Vote)