×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Saturday, 23 March 2019

မိဘတွေ ချပေးတဲ့ လမ်းကြောင်းကို မလိုက်ချင်တဲ့အခါ ......

လူငယ်တိုင်းမှာ ကြီးမားတဲ့ အိမ်မက်တွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အိမ်မက်၊ ဖြစ်ချင်တာနဲ့ ပက်သက်ပြီး မိဘတွေနဲ့ သဘောထားမတိုက်ဆိုင်ဘဲ အငြင်းပွားကြရတာ လူငယ်အားလုံးနီးပါး ကြုံနေကြရတဲ့ အရာတွေပါပဲ။

“ငါဖြစ်ချင်တာကို သူတို့ နားမလည်ဘူး၊ သူတို့ဖြစ်ချင်တာပဲ သူတို့သိတယ်” ဆိုတဲ့စကားမျိုး လူငယ်တော်တော်များများ ညည်းညူမိကြဖူးမှာပါ။ ကိုယ်ဖြစ်ချင်တာက တခြား၊ မိဘတွေ ဖြစ်စေချင်တာက တခြားနဲ့ ဟိုလမ်းလိုက်ရမလိုလို ဒီလမ်းလျှောက်ရမလိုလိုနဲ့ တကယ့်ကို ဒုက္ခပင်လယ်ဝေရတဲ့ အချိန်ပါပဲ။ ဒီလိုမျိုး မိဘတွေရဲ့ လမ်းကြောင်းကို မလိုက်ချင်ဘူး၊ ကိုယ်ဖြစ်ချင်တဲ့ လမ်းကိုပဲ လျှောက်ချင်တယ်ဆိုရင် ဒီတိုင်း ကိုယ်လုပ်ချင်တာကို ထလုပ်လို့ မရပါဘူး။ အရင်ဆုံး မိဘတွေကို သေချာပြောပြပြီး ဆွေးနွေးသင့်ပါတယ်။ ဒါဆိုရင် မိဘတွေက ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဒီလိုလုပ်ရတာလဲ၊ ဘယ်လိုအချက်တွေ စဉ်းစားသင့်သလဲ၊ ဘာလုပ်သင့်လဲဆိုတာ ပြောပြပေးပါမယ်နော်။

၁။ သူတို့ဆန္ဒကို သားသမီးတွေနဲ့ ဖြည့်ဆည်းချင်တယ်

မိဘတွေမှာလည်း မပြည့်ခဲ့ရတဲ့ ဆန္ဒတွေဆိုတာ ရှိကြတာပါပဲ ငယ်တုန်းက လုပ်ချင်ခဲ့ပေမယ့်၊ ဖြစ်ချင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်နိုင်ခဲ့တဲ့အခါ တစ်ချို့မိဘတွေက သူတို့သားသမီးတွေကို မြေတောင်မြှောက်ပေးရင်းနဲ့ မဖြစ်မြောက်ခဲ့တဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်တတ်ကြပါတယ်။ ဥပမာ မေမေတို့တုန်းက ပညာသေချာ မသင်ခဲ့ရလို့ သားသမီးတွေကိုတော့ ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်၊ ဖေဖေက ဆရာဝန်ဖြစ်ချင်ခဲ့ပေမယ့် အခြေအနေမပေးလို့ မဖြစ်နိုင်ခဲ့တာ သားကိုတော့ ဆရာဝန်ဖြစ်လာစေချင်တယ် အဲလိုမျိုးလေးတွေပေါ့။ တကယ်က အတ္တကြီးတယ်ရယ်လို့လည်း ပြောလို့မရပေမယ့် သားသမီးတွေအနေနဲ့ အခက်တွေ့ကြရတာတော့ အမှန်ပါပဲ။ ပြောရရင် နှစ်ဖက်ခွ အခြေအနေမျိုးပေါ့။

 

Read More >>>>> ဘာမဆို ဖြစ်နိုင်တယ်လို့ ပြောကြတာ တကယ်ပဲလား ???

၂။ ကာကွယ်ချင်တယ်

ကမ္ဘာမှာ မိဘက သားသမီးကို ချစ်တဲ့အချစ်လောက် ဘယ်အရာကမှ မကြီးမားနိုင်ပါဘူး။ ချစ်လွန်းလို့လည်း မျက်စိအောက်က အပျောက်မခံနိုင် အဲလိုဖြစ်နေကြရတာပေါ့။ သားသမီးတွေအနေနဲ့ သူတို့အိမ်မက်ကို အကောင်အထည် ဖော်မယ်ဆိုတဲ့နေရာမှာ အောင်မြင်မှု ကြီးလေလေ ပေးဆပ်မှုက ကြီးလေလေပဲမို့ သားသမီးတွေ ကျရှုံးမှာ၊ ထိခိုက်နစ်နာမှာ၊ ပြိုလဲသွားမှာကို မလိုလားကြပါဘူး။ မိဘတွေက အမြဲတမ်း အကောင်းဆုံးပဲ ဖြစ်စေချင်ကြတာပါ။ အဲလိုအချိန်မျိုးကျရင် သူတို့ကိုယ်တိုင် လုံခြုံစိတ်ချရမယ်လို့ ထင်တဲ့လမ်းကြောင်းကို ရွေးချယ်ပြီး သားသမီးတွေ လိုက်လျောအောင် တွန်းအားပေးမိတတ်ကြတာပါပဲ။ ဒါကြောင့် မိဘတွေက ဒီလိုတွန်းအား ပေးလာတဲ့အခါ တစ်ခါတည်း ဒေါသထွက်ပြီး ကိုယ့်ကိုနားမလည်ဘူး အော်တာထက်စာရင် သူတို့ဘက်ကိုလည်း ဒီလိုလေး ဖြည့်တွေးကြည့်ပေးဖို့ လိုပါတယ်။ ကိုယ့်ဘက်က သူတို့ခံစားချက်ကို နားလည်သွားတဲ့အခါ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို ဖျောင်းဖျပြောတဲ့နေရာမှာလည်း ပိုအဆင်ပြေမှာပ

၃။ ရည်မှန်းချက်ဆိုတာ သေချာရဲ့လား

အရေးကြီးဆုံး ဆန်းစစ်ရမယ့် အချက်က မိဘတွေနဲ့ ဆန့်ကျင်ပြီး ဒါကိုယ့်ရည်မှန်းချက်ပါလို့ ထောက်ပြရမယ့် အရာက ကိုယ့်ရဲ့ တကယ့်ရည်မှန်းချက်သေချာရဲ့လား ဆိုတာပါပဲ။ တစ်ချို့တွေကကျတော့ သူငယ်ချင်းတွေကို အားကျပြီး သူတို့လို ဖြစ်ချင်ရုံနဲ့ ကိုယ့်ရည်မှန်းချက်ပါဆိုပြီး ခေါင်းစဉ်တပ်လိုက်ကြတယ်၊ တစ်ချို့ကျ ခနတာ ဝါသနာပါ ရူးသွပ်ရုံကို ရည်မှန်းချက်လို့ အထင်မှားတတ်ကြတယ်။ ဒါကြောင့် မိဘတွေနဲ့ မပြောခင် ကိုယ့်ကိုယ်ကိုယ် အရင်ဆန်းစစ်ဖို့ လိုပါတယ်။ သူများပြောတိုင်း နားမယောင်ပါနဲ့။ ဒါကိုယ်တကယ် ဖြစ်ချင်တာလား ဆိုတာသေချာ စဉ်းစားပါ။ မဟုတ်ရင် မိဘတွေနဲ့ အပြိုင်ကြဲမိပြီးမှ နောင်တရမယ့်အဖြစ်မျိုး ကြုံရပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ဘက်က သေချာပြီဆိုမှ မိဘတွေနဲ့ ဆွေးနွေးတာက ပိုကောင်းပါတယ်နော်။

၎။ မှန်ကန်တဲ့ ဆွေးနွေးမှုလုပ်ပါ

ဒီနေရာက တော်တော်များများ ကျရှုံးကြရတဲ့ အချိန်ပါ သေချာမပြောတတ်လို့ ယောင်ဝါးဝါးနဲ့ မိဘတွေဆူတာပဲ ခံလာရတာမျိုး ရှိတတ်ပါတယ်။ ဆိုတော့ ကိုယ့်အနေနဲ့ မှန်ကန်တဲ့ ဆွေးနွေးမှုဖြစ်အောင် သေချာဂရုစိုက်ဖို့ လိုပါတယ်။ အရင်ဆုံး မိဘတွေနဲ့ ဆွေးနွေးတော့မယ်ဆိုရင် အချိန်မှန် နေရာမှန်ဖို့ အရမ်းအရေးကြီးပါတယ်။ ဥပမာ ဖေဖေအလုပ်က ပြန်ရောက်ခါစ အရမ်းပင်ပန်းနေတဲ့ အချိန်မှာ ဒီလိုကိစ္စ သွားပြောလို့ မရသလို မေမေ စိတ်တိုနေတဲ့ အချိန်မှာ ဒါမျိုး အစဖော်လို့ မဖြစ်ပါဘူး။ အဲလိုအချိန်တွေ သွားပြောမိရင် စတောင် မစရသေးခင် စစ်ရှုံးသွားပါလိမ့်မယ်။ ပြီးတေှာ့ နေရာရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ ဒီလိုကိစ္စမျိုးကို လက်လွတ်စပယ် ကြိုက်တဲ့ နေရာမှာ ပြောလို့မရပါဘူး။ သေချာအာရုံစူးစိုက်ပြီး ဆွေးနွေးနိုင်တဲ့နေရာ ဖြစ်ဖို့လိုအပ်ပါတယ်။ အရေးကြီးဆုံးက ပြောတဲ့အခါ လိုရင်းကို ထိထိမိမိ လေးလေးစားစား ပြောဖို့ပါပဲ။ ဒေါသတွေထွက် စိတ်တွေတိုပြီး “မလုပ်နိုင်ဘူး ဒါဖြစ်ချင်တယ်” သွားလုပ်လို့ မရပါဘူး ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကိုယ့်မိဘတွေပါ။ လေးစားမှု ရှိဖို့ လိုပါတယ်။ စိတ်တိုတာမျိုး မဟုတ်ဘဲ စိတ်ရှည်ရှည် လေးလေးစားစားနဲ့ ကိုယ်ဖြစ်ချင်တာကို ထိထိမိမိ အချက်ကျကျ ပြောနိုင်အောင် ကြိုးစားပါ။ ဒါဆို မိဘတွေလည်း အတွေးတစ်ခုလောက်တော့ သူတို့ခေါင်းထဲ ရောက်သွားပါလိမ့်မယ်။

၅။ ဇွတ်မငြင်းပါနဲ့

“မသိဘူး ဘာမှလာမပြောနဲ့ ကိုယ်ဖြစ်ချင်တာပဲ လုပ်မှာ၊ ဘာမှလည်း နားမလည်ဘူး” ဆိုပြီး ဇွတ်အတင်း ဖင်ပိတ်ငြင်းတာမျိုး မလုပ်ပါနဲ့။ မိဘတွေကို စိတ်ပျက်သွားစေနိုင်သလို ဒါမျိုးက အရမ်းကလေးဆန်ပါတယ်။ မိဘတွေဘက်က တုံ့ပြန်တာတွေ၊ ပြောတာတွေကို သေချာနားထောင်ပြီး စဉ်းစားပါ။ မိဘတွေက ကိုယ့်ထက် အတွေ့အကြုံပိုများပြီး သိတာတွေလည်း ပိုများပါတယ်။ သူတို့ပြောနေတယ်ဆိုတာ အလကားသက်သက် မဟုတ်ပါဘူး တကယ်ဖြစ်လာနိုင်တဲ့ အမှန်တရားတွေကို ချပြနေတာမို့ ဂရုမစိုက်ဘဲ မနေပါနဲ့။ အမြဲတမ်းတော့ မဟုတ်ပေမယ့် အများစုကတော့ သူတို့ပြောတာတွေ မှန်နေတတ်ပါတယ်။ ဘယ်မိဘကမှ ကိုယ့်သားသမီး မီးတွင်းထဲ ခုန်ချတာကို လက်ပိုက်ကြည့်မနေနိုင်ပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ရအောင်တားမှာပါပဲ။ ဒါကြောင့် သူတို့ပြောတာ သေချာဂရုတစိုက် နားထောင်ပါ။ ပြီးရင် ကိုယ့်စိတ်ကူး အတွေးအမြင်ကိုလည်း ရိုးရိုးသားသား ပြောပြပါနော်။ ဒီလိုဆို မိဘတွေဘက်ကလည်း ကိုယ့်ဆန္ဒကို အရေးတယူ စဉ်းစားပေးမှာပါ။


၆။ တစ်ခါတစ်လေ ချိုးဖောက်ရမယ်

မိဘတွေက ကိုယ်ဖြစ်ချင်တဲ့လမ်းကို ပိတ်ပင်တဲ့အခါမျိုးမှာ တစ်ခါတစ်လေ သူတို့ကို ဆန့်ကျင်ပြီး ဖောက်ထွက်သင့်ရင် ဖောက်ထွက်ရပါတယ်။ ကိုယ့်မိဘတွေလည်း သူတို့မိဘတွေနဲ့ အဆင်မပြေ အတိုက်အခံ လုပ်ခဲ့ရတဲ့ အခြေအနေတွေ ရှိခဲ့မှာပဲ။ သူတို့လည်း တစ်ချို့သော အရာတွေကို ချိုးဖောက်ခဲ့ကြလို့သာ ဒီနေ့ဒီအချိန်မှာ ဒီလောက်တိုးတက် ပြောင်းလဲနိုင်တာပေါ့။ ကိုယ်လည်း တိုးတက်ပြောင်းလဲဖို့အတွက် တစ်ချို့သော အရာတွေကို ချိုးဖောက်သင့်ရင် ချိုးဖောက်ရမှာပဲ။ ဒါဖြစ်သင့်တဲ့ အမှန်တရားတစ်ခုပါပဲ မိဘတွေကို အာခံတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုပြောတာက ချိုးဖောက်မှ အောင်မြင်မယ်လို့ ဆိုလိုတာ မဟုတ်ဘဲ တစ်ချို့တွေက ချိုးဖောက်လို့ အောင်မြင်သွားတယ်၊ တစ်ချို့ကလည်း နာခံရင်း အောင်မြင်သွားတာပဲ ဒါကတော့ မတူဘူးပေါ့ ကိုယ်ဘယ်လိုလုပ်လဲဆိုတဲ့ အပေါ်ပဲ မူတည်ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ ချိုးဖောက်ဖို့၊ ဖောက်ထွက်ဖို့ လိုအပ်လာတဲ့အခါ ချိုးဖောက်လိုက်ဖို့ မကြောက်ပါနဲ့။ လူတိုင်း ကိုယ့်လမ်းကို ဖောက်နေကြသူတွေချည်းပါပဲ။


ဒီတစ်ခါမှာတော့ မိဘတွေ ချပေးတဲ့ လမ်းကြောင်းကို မလိုက်ချင်တဲ့အခါ အရင်ဆုံး မိဘတွေဘက်ကို ဘယ်လို မျှတွေးပြီး ကိုယ်ချင်းစာရမလဲဆိုတာရယ်၊ အရင်ဆုံး ဘာတွေစဉ်းစားပြီး ဆန်းစစ်သင့်လဲ ဆိုတာရယ်၊ ဘယ်လို ဆွေးနွေးမှုတွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို အားလုံးပေါင်းပြီး တစ်ခါတည်း ရှင်းပြပေးလိုက်ပါတယ်။ ကိုယ်လေ့လာမှတ်သားထားတာတွေကနေ မျှဝေပေးတာမို့ အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ မိဘတွေနဲ့ နားလည်မှုရပြီး အဆင်ပြေနိုင်ကြပါစေနော်။

Source: livethedream

Read times Last modified on Tuesday, 04 February 2020 15:04
Rate this articles
(0 votes)