×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Student

Monday, 02 April 2018

မိဘရဲ့ပညာရေးလောဘ၊ သားသမီးဒုက္ခ

မိဘရဲ့ပညာရေးလောဘ၊ သားသမီးဒုက္ခ google.com

နွေရာသီကျောင်းပိတ်ပြီဆိုသည်နှင့် ပညာရေးလောကက ငြိမ်သက်သွားသည်မဟုတ်ပေ။ ကျူရှင်ကြော်ငြာ၊ ကိုယ်ပိုင်ကျောင်းများ၏ ကြော်ငြာများက ပလူပျံနေအောင် ရှိနေ၍ လာမည့် ပညာသင်နှစ်အတွက် ကျောင်းသားများရရန် အပြင်းအထန်လှုပ်ရှားနေကြသည်ကို တွေ့ရ၏။ တချို့ဆိုလျှင် စတင်သင်ကြားနေပြီ ဖြစ်၏။

မိဘများကလည်း သားသမီးများကို ကျောင်းပိတ်သည်နှင့် လာမည့်အတန်းအတွက် ကြိုတင်စာသင်စေ သည်ကို တွေ့မြင်ရသောအခါ ကလေးများကို သနားမိ၏။ အားလပ်ချိန်မရှိရသောကြောင့် ဖြစ်၏။ မိဘများ ကိုလည်း သူတို့၏ သားသမီးပေါ်ထားရှိသော လောဘကို လျှော့သင့်သည်ဟု ထင်မိပါသည်။

မိမိသားသမီးကို အမြင့်ဆုံးဖြစ်စေချင်သည့် ပြင်းပြသော စိတ်ဆန္ဒရှိသည်မှာ မိဘမေတ္တာဖြစ်၏။ ကလေးနှင့် ပတ်သက်၍ ဘယ်သူမှ နိမ့်နိမ့်ကျကျမတွေးပါ။ အမြင့်ဆုံးဖြစ်စေရန် လိုအပ်သမျှ ပံ့ပိုးမည့်သူဖြစ်သည်။ အကောင်းဆုံး ဖြစ်စေချင်၍ မိမိတို့သားသမီးကို ကျောင်းစာတစ်ခုပဲ တော်ရန် အပြိုင်အဆိုင် အားထုတ်နေ သော မိဘများ သတိပြုသင့်သည့်အချက်မှာ လူ့လောကထဲသို့ တိုးဝင်ကြီးပြင်းရမည့် ကလေးများအတွက် ကျောင်းစာတစ်ခုတည်းနှင့် မလုံလောက်ဟူသော အချက်ပင်ဖြစ်သည်။

ယခုလို နွေရာသီ ကျောင်းပိတ်ရက်ရှည်တွင် ကလေးများအား အပြည့်အ၀ အနားပေးသင့်ပါသည်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြင့် နှစ်သက်ရာသင်တန်းများကို တက်ရောက်လေ့လာသင့်ပေသည်။ ယဉ်ကျေးမှုရှိစေရန် ယဉ်ကျေးလိမ္မာသင်တန်း တက်စေခြင်း၊ သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု ပေါ်လာစေရန် ကိုယ်ခံပညာ သင်စေခြင်း၊ နိုင်ငံခြားဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်စေရန် သင်ကြားစေခြင်း၊ ၀ါသနာပါရာ ဂီတ၊ အနုပညာသင်တန်းများ တက်စေခြင်းဖြင့် ကလေးများအတွက် အနားယူချိန်ရသလို အတတ်ပညာလည်း သင်ယူရာ ရောက်လေသည်။

၂၀၁၇ ခုနှစ်က နွေရာသီ အခမဲ့တိုက်ကွမ်ဒိုသင်တန်း ဖွင့်ခဲ့သည်။ သင်တန်းကာလ တစ်လဖြစ်သည်။ သင်တန်းတက်စက ပျော့ညံ့ညံ့ကလေးများသည် သင်တန်းပြီးချိန်ရောက်သောအခါ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်အပြည့်ရှိသော ဟန်တွေ ဖြစ်လာသည်။ မိဘတစ်ဦးက ကျေးဇူးတင်စကားပြောခဲ့၏။ သူ့သားသည် ထမင်းကောင်းကောင်း မစားဘဲ သရေစာများသာစား၍ စိတ်ညစ်ခဲ့ရကြောင်း၊ လူကလည်း အားမရှိသည့်ပုံဖြစ်နေ၍ သင်တန်းတက်မည်ဆိုသောအခါ ဖြစ်ပါ့မလားဟု ထင်ခဲ့သော်လည်း ယခုတော့ ကိုယ်လက်လှုပ်ရှားကစားရ၍ ထမင်းကို ကောင်းကောင်းစားပြီး လူလည်းကြံ့ခိုင်လာကြောင်း ပြောပြ၏။ နောက်မိဘတစ်ဦးကလည်း သူ့သားသည် လမ်းသွားလျှင် ခေါင်းငုံ့သွား၍ အမြဲတမ်းကြောက်ရွံ့နေသည့်ပုံ ဖြစ်နေကြောင်း၊ သင်တန်းတက်ပြီးမှ လမ်းသွားလျှင် ရဲဝံ့သည့်ပုံ ဖြစ်လာကြောင်း ပြောပြသည်။ ကလေးများ ကို ကိုယ်ကာယ ကြံ့ခိုင်ဖို့၊ စိတ်ဓာတ်ခိုင်မာဖို့ သင်ကြား ပေးလိုက်ရာ နွေရာသီသည် ကလေးများအတွက် တန်ဖိုးရှိသွားခြင်း ဖြစ်သည်။ နွေရာသီပန်းချီသင်တန်းတက်၍ ပန်းချီပြိုင်ပွဲဝင်ရင်း တိုင်းနှင့်ပြည်နယ် ပန်းချီ ပြိုင်ပွဲ ဆုရသွားသော ကလေးများကို တွေ့ရ၏။ ပန်းချီဆိုသည်မှာ တီထွင်ဖန်တီးလိုစိတ်ကို လှုံ့ဆော်ပေး သော ပညာရပ်ဖြစ်သဖြင့် ကလေးတိုင်းလိုလို ပန်းချီပညာရပ် သင်ကြားသင့်ပေသည်။ နွေရာသီ တရုတ် စကားပြောသင်တန်း တက်၍ တရုတ်စကားတတ်သွားသော ကလေးတစ်ဦးသည် အရွယ်ရောက်၍ နိုင်ငံခြားထွက် အလုပ်သွားလုပ်သောအခါ ဘာသာစကား တတ်မြောက်ခြင်း၏ အကျိုးကျေးဇူးကို ရသွားခဲ့ ဖူး၏။ သူ့အလုပ်ရှင်က တရုတ်လူမျိုး ဖြစ်နေသောကြောင့် အစစအရာရာ အဆင်ပြေသွားခြင်းဖြစ်၏။ ကိုယ့်သားသမီးကို ကိုယ်ဖြစ်စေချင်သည့် အရာများအတွက် အတင်းဖိအားပေး ခိုင်းစေသည့်အခါ ကလေး များအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေပါသည်။ ကျောင်းစာတစ်ခုတည်း တတ်မြောက်ရန် အသည်းအသန် အားထုတ်နေသော မိဘများကိုမြင်တိုင်း ကလေးများကို သနားမိသလို ကိုယ့်သားသမီး ဖြစ်နိုင်သည်ထက် အလွန်အကျွံ မျှော်မှန်းသော မိဘမျိုးကိုမြင်ရလျှင်လည်း စိတ်ထဲ မောမိပါသည်။

ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို ကြုံခဲ့ဖူး၏။ သူ့သမီးကို အလွန်ချစ်၍ သူ့သမီး၏ အနာဂတ်ကို အလွန်မျှော်လင့်ခဲ့သူ ဖြစ်သည်။ သူ့သမီးကို အမျိုးသမီး စစ်ဗိုလ်ချုပ်ဖြစ်ရန် ရည်မှန်းထားကြောင်း ပြောပြ၏။ ကလေးကို နေ့စဉ် Autosuggestion လုပ်ပေးကြောင်း၊ သူ့သမီး အိပ်ပျော်နေစဉ် နဖူးကိုကိုင်၍ “ငါ့သမီးဟာ အမျိုးသမီးစစ်ဗိုလ်ချုပ်ဖြစ်ရမည်” ဟု ရွတ်ပေးကြောင်း ပြောပြသည်။ သူက စိတ်ပညာစာအုပ် တစ်အုပ်၏ စာအုပ်ပါနည်းအတိုင်း လုပ်ခြင်းဖြစ်သည်။ ကျွန်တော်က သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး အကဲ ခတ်ရာ သူ့သမီးနှင့်ပတ်သက်၍ အမှန်တကယ် ဖြစ်စေလိုသော ဆန္ဒ၊ အမှန်တကယ် ဖြစ်ရမည်ဟူသော ယုံကြည်ချက်များကို တွေ့ရသဖြင့် ဘာမှမပြောဖြစ်ခဲ့ပါ။

ယခုတော့ သူငယ်ချင်း၏သမီးလည်း အဝေးသင်ဖြင့် ဘွဲ့ရကာ တောရွာလေး၌ ကျောင်းဆရာမဖြစ်နေပြီး အိမ်ထောင်ကျနေပြီဖြစ်၏။ သူ့အဖေရည်မှန်းခဲ့သော အမျိုးသမီးစစ်ဗိုလ်ချုပ်တော့ မဖြစ်ခဲ့ပါပေ။ ကျောင်းစာ တော်စေလိုသော မိဘများနှင့်တွေ့တိုင်း ပညာနှင့်ပတ်သက်၍ တွေးမိသည်။ လူတစ်ယောက်အဖို့ လောက ထဲတွင် အသက်ရှင်နေထိုင်ဖို့၊ ထိပ်တန်းရောက်ဖို့အတွက် အတတ်ပညာလိုအပ်ပေသည်။ အတတ်ပညာ ကျွမ်းကျင်သော နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်လာမည်။ ထိပ်တန်းကိုရောက်လိုလျှင်လည်း အတတ်ပညာ ကျွမ်းကျင်ရမည်ဖြစ်၏။

 Recommended for you - ပညာရေးက ဈေးကြီးတယ်ဆိုရင် မသိနားမလည်ခြင်းက ပိုဈေးကြီးတယ်

ကျွန်တော်တို့ နိုင်ငံတွင် အတတ်ပညာဖြင့် မည်သည့်ကုန်ပစ္စည်းကိုမှ မထုတ်လုပ်နိုင်ပေ။ တစ်ခေတ်တစ်ခါ ကတော့ မြန်မာပြည်တွင် ပြုလုပ်သည်ဆိုသော ကုန်ပစ္စည်းများ ထွက်ခဲ့ဖူးသည်။ ယခုတော့ တရုတ်ပြည် တွင်ပြုလုပ်သည့် ပစ္စည်းများသာ သုံးနေရ၍ ကျွန်တော်တို့၏ ကျောင်းသင်ခန်းစာများက ကုန်ပစ္စည်းထုတ် လုပ်နိုင်သည့် အတတ်ပညာ မသင်ပေးနိုင်ကြောင်း တွေ့ရမည်ဖြစ်၏။

ပညာဟုဆိုရာ၌ အကောင်းနှင့်အဆိုး၊ အကြောင်းနှင့်အကျိုးကို ခွဲခြားသိမြင်ရမည်ဖြစ်၏။ ကျွန်တော်တို့ သင်ယူခဲ့သော ပညာရေးက ဘယ်လိုခွဲခြားစိတ်ဖြာ သုံးသပ်နိုင်သလဲ စဉ်းစားကြည့်လျှင် သိနိုင်၏။ Facebook ပေါ်တွင် သတင်းတစ်ခု တက်လာတိုင်း ထင်ရာမြင်ရာ ပေါက်တတ်ကရ ရေးသားသော comment များဖတ်ကြည့်လျှင် လက်ရှိ မြန်မာပြည်သူတွေ၏ ဥာဏ်ပညာ အတိမ်အနက်ကို သိနိုင်မည် ဖြစ်ရာ လက်ရှိပညာရေးကပေးသော အကျိုးက မည်သည့်အရာများနည်းဟု စဉ်းစားစရာဖြစ်နေသည်။

ငယ်စဉ်ကလေးဘ၀မှ အရွယ်ရောက်သည်အထိ ငွေကုန်၊ အချိန်ကုန် သင်ကြားခဲ့ရပြီး ဘာမှမတတ်ရသော အဖြစ်သည် လူငယ်ဘ၀ကို အချည်းနှီးဖြစ်စေခဲ့သည်ကို သတိပြုမိသည်။ မြန်မာ့ပညာရေးဖြင့် မြန်မာ့လူ လောကကို အကျိုးမပြုနိုင်အောင် ဖြစ်နေရသည်။

သင်ယူနေကြသော မြန်မာလူငယ်ကလေးများ ညံ့၍မဟုတ်ဘဲ သင်ယူမှုနည်းစနစ် မှားယွင်းနေ၍ ဖြစ်ကြောင်း ပညာရှင်များက အကြိမ်ကြိမ်ထောက်ပြ ဝေဖန်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ကျွန်တော်တို့၏ အဖြစ်မှာ ပညာကို ပင်ပန်းကြီးစွာ သင်ခဲ့ရပြီး ပညာမတတ်ရသော အဖြစ်ကြောင့် ပညာဖြစ်ရှုံးရသည်ဟု ဆိုရမည်ဖြစ်သည်။ ယခုခေတ်တွင် ကြီးပြင်းရမည့် ကလေးများ၏ ရင်ဆိုင်ရမည့် လောကအခက်အခဲမှာ များပြားလွန်းရုံသာမက ရှုပ်ထွေးလွန်းလှပါသည်။

လက်တွေ့ဘ၀၏ စိန်ခေါ်ချက်များကို ရင်ဆိုင်နိုင်ဖို့ မိဘများက ပြင်ဆင်ပေးရမည်ဖြစ်၏။ ကျောင်းစာတစ်ခု တည်း တတ်မြောက်ရုံဖြင့် အဆင်သင့်မဖြစ်နိုင်ပေ။ ကလေးများကို ကျန်းမာပျော်ရွှင်နေအောင်ထားလျှင် သင်ယူဖို့ အဆင်သင့်ဖြစ်နေပြီး ဘာမဆို သင်ယူနိုင်သည်ကို သိရပေမည်။ ကျူရှင်နှင့် ကျောင်း၊ ပြီးတော့ ကျူရှင်၊ ညကျတော့ စာကျက်ဝိုင်းဖြင့် လုံးချာလိုက်နေရသော ကလေးသည် ကျန်းမာသန်စွမ်းသော ကလေး မဖြစ်နိုင်ပေ။ မိဘကိုချည်းပဲ အားမကိုးစေဘဲ ကိုယ့်ဘာသာကိုယ် လုပ်တတ်ကိုင်တတ်အောင်လည်း လေ့ကျင့်ပေးသင့်သည်။ အနည်းဆုံးအနေဖြင့် ကိုယ့်စာကို ကိုယ်တိုင်ကျက်တတ်အောင် လုပ်ပေးသင့် ပေသည်။

အတွေးအခေါ်မြင့်မားစေရန် ပြင်ပစာပေ ဖတ်ရှုလေ့လာဖို့ တိုက်တွန်းပြီး လုပ်ဆောင်ပေးရမည် ဖြစ်သည်။ မိမိကိုယ်ကို မိမိတန်ဖိုးထားတတ်အောင် တန်ဖိုးရှိသောသူ ဖြစ်လာစေရန် ဆုံးမသွန်သင်ရမည်။ ဖြစ်သလို မြင့်မြင့်မားမား မျှော်မှန်းပါက ကိုယ့်သားသမီးကို လူ့လောက အဖွဲ့အစည်း၏အကျိုးကို ဆောင်ရွက်သူ ဖြစ်အောင် ကြိုးပမ်းရမည်ဖြစ်၏။ ယခုတော့ မိဘများ၏ သားသမီးအပေါ် မျှော်မှန်းထားသည့် ပညာရေး လောဘ အလွဲများကို မြင်ရတိုင်း ကလေးများ၏ မနိုင်ဝန်ထမ်းနေရသော ဒုက္ခကိုကြည့်၍ သနားမိပါသည်။

အေးလွင် (ကသာ)

The Ladies News

philip maung အမေရိကမှာ လက်ကျန်ငွေ ၁၃ ဒေါ်လာနဲ့ ဘဝကိုစခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ မြန်မာပြည်သား

  

Read times Last modified on Tuesday, 07 January 2020 17:30
Rate this articles
(0 votes)